Ticker

6/recent/ticker-posts

ပြင်းထန်သော သားအိမ်ကင်ဆာကို သန္ဓေတားဆေးများက ကာကွယ်နိုင်


သားအိမ်ကင်ဆာကို သန္ဓေတားဆေးများက ကာကွယ်ပေးနိုင်မှု သည် ယင်းရောဂါ အပြင်းထန်ဆုံးအခြေအနေမျိုး၌ပင် ကာကွယ် ပေးနိုင်မှု အားကောင်းကြောင်း လေ့လာမှုအသစ်တစ်ရပ်က ဖော်ပြသည်။
သန္ဓေတားသောက်ဆေးများ အသုံးပြုသည့် အမျိုးသမီးများ သားအိမ်ကင်ဆာ ဖြစ်ပွားနိုင်ခြေနည်းပါးကြောင်း သုတေသီများ မှတ်ချက်ပြုထားသည်မှာ နှစ်များစွာကြာပြီဖြစ်သည်။ ယခုလေ့လာ မှုက ယင်းဆက်စပ်မှုကို ပို၍နီးကပ်စွာ လေ့လာထားခြင်းဖြစ်သည်။

နယူးယောက်ပြည်နယ် ဘပ်ဖလိုမြို့ရှိ ရော့စ်ဝဲလ်ပက်ခ်ကင်ဆာ စင်တာမှ သုတေသီများက သားအိမ်ကင်ဆာမရှိသော အမျိုးသမီး ၂,၀၀၀ ကျော်အုပ်စုနှင့် သားအိမ်ကင်ဆာဖြစ်နေကြောင်း စစ်ဆေး တွေ့ရှိပြီး ၁၂ လအတွင်း သေဆုံးသော လူနာ ၅၇၉ ဦး၏ အချက်အလက်များကို နှိုင်းယှဉ်လေ့လာခဲ့သည်။

အသက်အရွယ်၊ ကလေးမွေးဖူးခြင်း ရှိ၊ မရှိ၊ သန္ဓေတားဆေးအသုံးပြုမှု စသောအချက်များကို ထည့်သွင်းတွက်ချက်ပြီးနောက် သန္ဓေတားဆေးသုံးစွဲသော အမျိုးသမီးများသည် သားအိမ်ကင်ဆာ ဖြစ်နေကြောင်း တွေ့ရှိပြီး တစ်နှစ်အတွင်း သေဆုံးနိုင်သည့် အန္တရာယ် ၄၆ ရာခိုင်နှုန်း လျော့နည်းကြောင်း သုတေသီများ လေ့လာတွေ့ရှိခဲ့သည်။

သန္ဓေတားသောက်ဆေးအသုံးပြုမှု ကြာရှည်လေ ပြင်းထန်သော သားအိမ်ကင်ဆာရောဂါကြောင့် သေဆုံးနိုင်သည့် အန္တရာယ်လျော့ပါးလေဖြစ်ကြောင်း သုတေသီအဖွဲ့ခေါင်းဆောင် ဂျနီဖာဖွန်ဂျီယိုဗီက ပြောသည်။ ၎င်းသည် ဘပ်ဖလိုတက္ကသိုလ်မှ ကင်ဆာရောဂါပညာရှင်ဖြစ်သည်။

သန္ဓေတားဆေးအသုံးပြုမှု ငါးနှစ်ကြာပါက ယင်းရောဂါဖြစ်ပွားနိုင်သည့်အန္တရာယ် ၃၂ ရာခိုင်နှုန်း လျော့နည်းကြောင်း သုတေသီများက ပြောသည်။

သို့သော် ယခုလေ့လာမှုက သန္ဓေတားဆေးသုံးခြင်းဖြင့် သား အိမ်ကင်ဆာကို ကာကွယ်နိုင်သည့် ဆပ်စပ်မှုကိုသာ ဖော်ပြပြီး အ ကြောင်းရင်းနှင့် သက်ရောက်ပုံကို မလေ့လာထားသဖြင့် နောက် ထပ်လေ့လာရန် လိုအပ်သည်ဟု သုတေသီများကပြောသည်။